Depreciation (၄) မျိုး

marthin
dog, sad, waiting

Depreciation (၄) မျိုး


လုပ်ငန်းတိုင်းမှာ တန်ဖိုးကြီးကြီးပေးပြီး ဝယ်လိုက်ရတဲ့ အရာတွေ ရှိပါတယ်။ အဲဒီအရာတွေက လုပ်ငန်းအတွက် မရှိမဖြစ်အရေးပါပြီး လုပ်ငန်းလည်ပတ်ဖို့အတွက် လိုအပ် တဲ့ အရာများဖြစ်တော့ ငွေအလုံးအရင်းပေးရပေမယ့် ဝယ်ရတာပါပဲ။ ဥပမာ လုပ်ငန်းအတွက် ကားတွေ၊ မြေနေရာ၊ အဆောက်အအုံ၊ စက်ရုံ၊ စက်ပစ္စည်း အစရှိသဖြင့် ပစ္စည်းတွေပါ။ အဲဒီအရာတွေကို အကြမ်းအားဖြင့် Fixed Asset လို့ခေါ်ပါတယ်။ ပုံသေပစ္စည်းတွေပေါ့။ အဲဒီ အရာတွေက လုပ်ငန်းအတွက် ကုန်ကျစားရိတ်ဆိုတာ မှန်ပေမယ့် နှစ်စဉ် စာရင်းချုပ်မှာ တစ်လုံးတရင်းတည်း ဖော်ပြလို့မရပါဘူး။ လုပ်ငန်းက ခုမှ အစ၊ မြေနေရာ တစ်ခု နဲ့တင် ကုန်ကျစားရိတ်က သိန်း ထောင်ချီ။ ဒါကို ဒီနှစ်အတွက် ကုန်ကျစားရိတ်ဆိုရင် သေချာတာက အရံှူးအမြတ်စာရင်းမှာ အရံှူးပေါ်နေမှာပါပဲ။
ဒါကြောင့် ဒီလို ငွေအလုံးအရင်း သုံးရတဲ့ ပုံသေပစ္စည်းကုန်ကျစားရိတ်တွေကို ခွဲပြီး နှစ်စဉ်အသုံးစာရိတ်မှာ Depreciation ခေါင်းစဉ် နဲ့ဖော်ပြကြပါတယ်။ အဲဒီလို ဖော်ပြတဲ့နေရာမှာ သိန်းနှစ်ထောင်ကုန်ကျစားရိတ်ကို ဒီနှစ်မှာ ဘယ်လောက်ဖော်ပြမလဲ ဆိုတဲ့ မေးခွန်းရှိလာပါတယ်။
အဆင်ပြေသလို သိန်း ၅၀၀ လား။ ဒါမှမဟုတ် သိန်း ၁၀၀ လား။ အမှန်တော့ အဆင်ပြေသလို ဖော်ပြတဲ့နံပါတ်တစ်ခု မဟုတ်ပါ။ ယုတ္တိကျကျ တွေးခေါ်တွက်ချက်ထားတဲ့ နံပါတ် တစ်ခုဖြစ်ပါတယ်။ အဲဒီလို တွက်ချက်ရာမှာ နည်းလမ်း (၄) မျိုးရှိပါတယ်။

နည်းလမ်း(၄) မျိုး

(၁) SL
(၂) SOYD
(၃) DB
(၄) UOP
လေးမျိုးစလုံးမှာ သူ့ Logic ယုတ္တိဗေဒ နဲ့ သူရှိပါတယ်။ သူ့အကြောင်းပြချက်နဲ့သူရှိပါတယ်။
SL ဆိုတာ Straight line Method ပါ။
ကုန်ကျစားရိတ်ကို Salvage value လို့ခေါ်တဲ့ တစ်ပတ်ရစ် ပြန်ရောင်းရငွေ နုတ်ပြီး အသုံးပြုတဲ့ နှစ်နဲ့စားထားတာပါ။ (စာရှည်မည်စိုးသဖြင့် တွက်ပုံတွက်နည်းကို အတိအကျ မပြောတော့ပါ)။ ကုန်ကျစားရိတ်ကို အသုံးပြုမယ့်နှစ်အညီအမျှ ကျခံလိုက်တဲ့သဘောဖြစ်ပါတယ်။
SOYD ဆိုတာ Sum of the Year Digit ပါ။
Rule of 78 လို့ခေါ်တဲ့ အမေရိကားမှာ တစ်ချိန်က ခေတ်စားအသုံးပြုခဲ့တဲ့ငွေကြေးတွက်ချက်နည်းတစ်ခု ရဲ့သဘောတရားကို ယူထားတာပါ။ အစပိုင်းနှစ်တွေမှာ ကုန်ကျစားရိတ် ကို အလေးပေးယူပြီး နောက်ပိုင်းမှာ တဖြည်းဖြည်းလျော့နည်းပြီး ယူသွားပါတယ်။ အနာဂတ်ရဲ့မသေချာမှု ကိုထည့်သွင်းစဉ်းစားထားတဲ့သဘောပါ။
DB ဆိုတာ Declining Method ပါ။
နှစ်စဉ်အညီအမျှကုန်ကျစားရိတ် ( SL ) ကို ယူပြီး အဆအရေအတွက် အတိုင်း ပိုယူပြီး တွက်သွားတာပါ။ အချို့က နှစ်ဆယူကြပါတယ်။ ဒါကြောင့် Double Declining Method လို့ခေါ်ကြပါတယ်။ အချို့ကတော့ 25% ပိုယူကြပါတယ်။
UOP ဆိုတာ Unit of Production ပါ။
ထုတ်လုပ်နိုင်တဲ့ ယူနစ်ပမာဏကို ယူပြီး ထုတ်လုပ်ခဲ့တဲ့ပမာဏ အချိုးအစားအတိုင်း ကုန်ကျစားရိတ်ကို တွက်တာပါ။

အချုပ်

အချုပ်ပြောရမယ် ဆိုရင် .…..
(၁) fixed asset အတွက် ကုန်ကျစာရိတ်ကို တစ်နှစ်ထဲ အလုံးအရင်းလိုက်ထဲ့တာဟာ သဘာဝမကျပါဘူး။
(၂) နှစ်စဉ် အတိုင်းအတာ တစ်ခု ကိုခွဲဝေကုန်ကျစေမယ် ဆိုရင် နည်းလမ်း (၄) ခု ရှိပါတယ် ဆိုတဲ့အကြောင်းပါခင်ဗျာ။

မာသင်