အမြတ်ငွေ(Profit )ဆိုတာ

marthin
analytics, charts, business

စီးပွားရေးငွေကြေး” မှတ်စုတိုလေးများ (၁)


အမြတ်ငွေ(Profit )ဆိုတာ ဝင်ငွေ(Income) ထဲကနေ ကုန်ကျစားရိတ်(cost) ကို နုတ်ရင်ရတယ် ဆိုပေမယ့်ဘယ်အမြတ် ကို ပြောတာလဲ လုပ်ငန်းရှင်တိုင်း သိသင့်ပါတယ်။
(1) အကြမ်းအမြတ် ( Gross Profit)


ရောင်းရငွေ ထဲ က ကုန်ပစ္စည်းအတွက် အရင်းကို နုတ်ရင် အကြမ်းအမြတ်ရပါတယ်။
(2) လုပ်ငန်းလည်ပတ်အမြတ်( Operating Profit)


အကြမ်းအမြတ် ထဲ က လုပ်ငန်းလည်ပတ်မှု ကုန်ကျစားရိတ်များ ဥပမာ..ရုံးသုံးစားရိတ်မာျး ကို နုတ်လို့ရလာတဲ့အမြတ်ကို လုပ်ငန်းလည်ပတ်အမြတ် လို့ခေါ်ပါတယ်။
(3) အသားတင်အမြတ် ( Net profit )


ရရှိလာတဲ့လုပ်ငန်းလည်ပတ်အမြတ် ပေါ်မှာ အခွန်ဆောင်၊ အတိုးပေး ပြီးလို့နောက်ဆုံး အသားတင် ကျန်ရှိနေတဲ့အမြတ် ကို အသားတင်အမြတ် လို့ပြောကြပါတယ်။
(4) လုပ်ငန်းအခြေအနေ အမြတ်( Contribution)


ဝင်ငွေ (Revenue ) ထဲ ကနေ ပြောင်းလဲ ကုန်ကျစားရိတ်( Variable cost) ကိုနုတ်ရင် လုပ်ငန်းအခြေအနေအမြတ်ရပါတယ်။ ဥပမာ .. ကိုယ်က သစ်သီးဖျော်ရည်ရောင်းတယ် ဆိုရင် ရောင်းကောင်းလို့ဝင်ငွေ များရင်များသလို သစ်သီးများရဲ့ကုန်ကျစားရိတ် က များမှာဖြစ်ပါတယ်။ အရောင်း နဲ့လိုက်ပြီး ကုန်ကျတဲ့ကုန်ကျစားရိတ်ကို ပြောင်းလဲကုန်ကျစားရိတ် ( Variable cost ) လို့ခေါ်ပါတယ်။ ဆိုင်ခန်းခ က တော့ ရောင်းကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပေးနေရမှာ ဖြစ်လို့ ပုံသေ ကုန်ကျစားရိတ်( Fixed Cost) လို့ခေါ်ပါတယ်။
လုပ်ငန်းရှင်များအနေနဲ့ဒီ Contribution လို့ခေါ်တဲ့လုပ်ငန်းအခြေအနေအမြတ် ကိုသီးသန့်ခွဲခြားပြီး ကြည့်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပုံသေကုန်ကျစားရိတ်တွေကို ခွဲထုတ်ထားတဲ့အတွက် ကိုယ့်လုပ်ငန်းရဲ့အမှန်တကယ် လည်ပတ်နေမှုအခြေအနေ ကို သိနိုင်လို့ပဲဖြစ်ပါတယ်။
(5) အီဘဒ်ဒါ ( EBIDA)


Earning Before Interest,Depreciation, Tax ကို အတိုကောက် ခေါ်ခြင်းဖြစ်ပါတယ်။ လုပ်ငန်းတစ်ခု ရဲ့အခွန်မဆောင်သေး၊ အတိုးငွေ မပေးရသေး တဲ့အမြတ်ဖြစ်လို့ လုပ်ငန်းတစ်ခုကို ခြုံပြီး သုံးသပ်နိုင်တဲ့အမြတ်ငွေ ဖြစ်ပါတယ်။
အမြတ် လို့ပြောရင် ဘယ်အမြတ် ကို ပြောတာလဲ ဆိုတာ ကွဲကွဲပြားပြား သိမှ ….
ပန်းတိုင် ကို တိတိကျကျ သတ်မှတ် နိုင်မှာပါ။

မာသင်