သော့ပြင်သမားလေး ပေးသော စီးပွားရေးသင်ခန်းစာ

marthin
key, metal, house

သော့ပြင်သမားလေး ပေးသော စီးပွားရေးသင်ခန်းစာ

Lock ဆိုတာ သော့အိမ်ကို ခေါ်တာပါ .. ဆြာ။
key ဆိုတာ သော့ချောင်းကို ခေါ်တာပါ .. ဆြာ။
Key ဆိုတာ ကို အရင် လုပ်ပြီးမှ ဖွင့်လို့မရတဲ့Lock ကို လိုက်ရှာရတာမဟုတ်ဘူး.. ဆြာ။
ပြသနာတက်နေတဲ့၊ ဖွင့်လို့မရတဲ့ lock ကို အရင်ယူလာ၊တွေ့ပြီဆိုမှ အဲ့ပြသနာကို ဖြေရှင်းနိုင်တဲ့ key တစ်ချောင်းကို ဖန်တီးရတာဗျ။
အစီအစဉ်ကျ ဖို့အရေးကြီးတယ်၊ ပြောင်းပြန်လုပ်လို့မရဘူး .. ဆြာ။
နံပါတ်သော့တောင်၊ နိပ်တဲ့နံပတ်တွေအကုန်မှန်ပေမယ့် အစီအစဉ်မကျရင် သော့မပွင့်ဘူး။
ဖုန်းဆက်ရင်တောင်၊ နိပ်တဲ့နံပါတ်တွေအကုန်မှန်ပေမယ့် အစီအစဉ်မကျရင် လိုရာမရောက်နိုင်ဘူး။
ဆြာ… ဒီလောက်ဆို သဘောပေါက်ပြီထင်တယ်။
ကျွန်တော် လိုလိုလားလား ပင် ခေါင်းညိတ်လိုက်သည်။
သူပြောသည်မှာ မှန်သည်ကိုး။
ခေါင်းညိတ်ယုံပင်မဟုတ်၊ သူပြောတဲ့အသံကို ဆက်ကြားနေပြီး ဆက်စပ်ပြီး တွေးနေမိသည်။
သော့ပြင်သမားလေးသည် ကျွန်တော့်ကို သော့အကြောင်းပြောခြင်းထက်…ပိုလေးနက်သော…ပိုအရေးကြီးသော… အကြောင်းအရာတစ်ခု ပြောလိုက်ခြင်းပင်ဖြစ်သည်။

စီးပွားရေးသင်ခန်းစာတစ်ရပ်

Key အရင်လုပ်ရမှာမဟုတ်ဘူး … ဆြာ။
စီးပွားရေးလုပ်ငန်းတော်တော်များများသည် ကုန်ပစ္စည်း/ဝန်ဆောင်မှုတစ်ခုကို ထုတ်လုပ်ပြီး၊ အဆင်ပြေနိုင်မည့် Target Market ပစ်မှတ်ဈေးကွက်ကို လိုက်ရှာသည်။ ဒါသည် key တစ်ချောင်းကို ဖန်တီးပြီး အဆင့်ပြေနိုင်မည့် Lock ကို လိုက်ဖွင့်နေတာနှင့်တူသည်။ တစ်နေ့တော့တွေ့နိုင်သည် ဒါပေမယ့် မတွေ့ခင်အချိန်ထိ စိတ်မော၊လူမော၊ ငွေကုန်၊လူပန်းဖြစ်ပေဦးမည်။
Lock ကို အရင်ရှာ……။
ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်မြို့၊ ကိုယ့်ရွာ၊ ကိုယ့်ရပ်ကွက်မှာ ရှိတဲ့ အခက်အခဲ ၊ ပြသနာတစ်ရပ် ၊ ဖွင့်ရခက်နေတဲ့Lock ကို တွေ့ပြီဆိုမှ
Key ဆိုတဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှု တစ်ခုကို ဖန်တီးလိုက်ခြင်း သည်
လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်းတစ်ခုကို ဖန်တီးလိုက်ခြင်းပင်ဖြစ်သည်။ အမှန်တော့ စီးပွားရေးလုပ်ငန်းများအားလုံးသည် ပြသနာတစ်ခုမဟုတ်၊ တစ်ခုကို ဖြေရှင်းနေသော အဖွဲ့အစည်းတစ်ခုဖြစ်သင့်သည်။
ငွေရှာဖို့အတွက်…
ပြသနာတွေ၊ အခက်အခဲတွေကို ရှင်းနေခြင်း ဆိုတာထက်၊
လူမှု အသိုင်းအဝိုင်း ပြသနာတွေ၊ အခက်အခဲတွေကို ရှင်းရင်း..
ငွေရှာနေခြင်း ဆိုတာ မျို းဖြစ်သင့်သည်။
ဤသည်ကား…..
စီးပွားရေးစလုပ်မည့် လူငယ်များ၊
စီးပွားရေးကို စိတ်ဝင်စားသောသူများ၊
လက်ရှိတွင် လုပ်နေသော လုပ်ငန်းရှင်များသို့….
သော့ပြင်သမားလေး ပေးလိုက်သော…တန်ဖိုးကြီး….
စီးပွားရေးသင်ခန်းစာပင်ဖြစ်တော့သည်။

မာသင်