ရှားပါးမှုနှင့်မရနိုင်တော့မှု ဆိုတာ လူတစ်ယောက်(သို့) လူအများရဲ့တန်ဖိုးထားမှုကို မြင့်တက်စေပါတယ်။

marthin
money, coin, investment

ရှားပါးမှုနှင့်မရနိုင်တော့မှု ဆိုတာ လူတစ်ယောက်(သို့) လူအများရဲ့တန်ဖိုးထားမှုကို မြင့်တက်စေပါတယ်။
မှားယွင်းမှု


တံဆိပ်ခေါင်းဆိုတာ တန်ဖိုးအားဖြင့်အင်မတန်နည်းပါးကြတယ် ဆိုပေမယ့် မှားယွင်းစွာပုံနိပ်မိပြီး ရှားရှားပါးပါး ဖြစ်သွားတဲ့တံဆိပ်ခေါင်းလေးတစ်ခုကို .…. ကိုအဖိုးများစွာထိုက်တန်တဲ့ ဒေါ်လာသန်းချီ အဖိုးတန်တဲ့အရာအဖြစ်ပြောင်းလဲစေခဲ့ပါတယ်။ ရှားပါးမှု ဆိုတဲ့ဂုဏ်သတ္တိ ဆိုတာ မှားယွင်းမှု ကိုတောင် အဖိုးတန်အောင်လုပ်ပေးနိုင်ပါတယ်။
သံယောဇဉ်


လူတစ်ဦးနဲ့တစ်ဦး သံယောဇဉ်မှာလဲ တွေ့စုံဖို့ရှားပါးလာပြီ၊ တွေ့စုံဖို့ခက်လာပြီ၊ ခွဲခွာရတော့မယ် ဆိုရင် သံယောဇဉ်အပေါ်တန်ဖိုးထားမှုမြင့်တက်လာပါတယ်။
ရှားပါးမှု ဆိုတဲ့ဂုဏ်သတ္တိ ဆိုတာ အကောင်အထည်မရှိတဲ့ သံယောဇဉ် လို အရာကိုတောင် တန်ဖိုးတက်အောင်လုပ်နိုင်ပါတယ်။
ရောင်းကုန်ပစ္စည်း


Limited Edition ဖြစ်သည်။ ထုတ်လုပ်မှု ကန့်သတ်ထားသည်။ လူဦးရေ ကန့်သတ်ထားသည်။ ဒီနှစ်ရက်အတွင်းသာ ..ရမည်။ ဒီ ကုန်ပစ္စည်းသည် နောက်ဆုံးလက်ကျန်ဖြစ်သည်၊ နောက်ပိုင်းမရနိုင်တော့ပါ။ ဆိုသော…ဆိုသော … ရှားပါးမှု စကားလုံးများသည် ထုတ်ကုန်ပစ္စည်းများအပေါ် တန်ဖိုးထားမှုကိုမြင့်တက်စေပြီး အမြန်ချက်ခြင်း ဝယ်ယူမှုကိုဖြစ်ပေါ်စေပါတယ်။
ရှားပါးမှု ဆိုသော ဂုဏ်သတ္တိသည် အဆမတန် ဈေးတင်ထားသော ကုန်ပစ္စည်းများ ကို တန်ဖိုးထားမှုအမြင် မြင့်တက်စေနိုင်ပါတယ်။
အနုပညာလက်ရာ


ဆင်ဆာဖြတ်ထားသော စာအုပ်ကိုမှ မရမကဝယ်ယူ ဖတ်ချင်ကြသည်။ အနုပညာရှင် တစ်ဦး သေဆုံးသွားသောအခါ ထိုအနုပညာရှင်၏ လက်ရာ၊ သီချင်း၊ ပန်းချီကားချပ် သည် နောက်မရနိုင်တော့ ဆိုသော အသိဖြင့် တန်ဖိုးထားမှုသည် မြင့်တက်လာပါတယ်။ ရှားပါးမှုဆိုသော ဂုဏ်သတ္တိဆိုတာ မူရင်းလက်ရာ ကိုမပြောင်းလဲစေနိုင်သော်လည်း ထိုလက်ရာအပေါ် အမြင်ကို ပြောင်းလဲစေနိုင်ပါတယ်။
နိဂုံးချုပ်


စီးပွားရေးလုပ်ငန်းမှာ ကုန်ပစ္စည်းပဲရောင်းရောင်း၊ ဝန်ဆောင်မှုပဲလုပ်လုပ် … customer တွေရဲ့ အမြင်ရှူဒေါင့် (Perception) က အရေးကြီးတယ် လို့ယုံကြည်တယ် ဆိုရင် အဲဒီ အမြင်ရှူဒေါင့် ကို ကိုယ်လိုရာ ပြောင်းလဲစေနိုင်တဲ့ ဂုဏ်သတ္တိ တစ်ခု ဆိုတာ …… ရှားပါးမှု ဆိုတဲ့ ဂုဏ်သတ္တိပါပဲ။
ရှားပါးမှု ကိုအသုံးပြုပါ။
ကိုယ့် မှားယွင်းမှု၊ သံယောဇဉ်၊ ကုန်ပစ္စည်း၊ ဝန်ဆောင်မှု၊ ဦးဆောင်မှု နှင့် လက်ရာ ကို တန်ဖိုးထားလာပါလိမ့်မယ်။
တန်ဖိုးထား အောင်လုပ်ပါ။
ကိုယ့် မှားယွင်းမှု၊ သံယောဇဉ်၊ ကုန်ပစ္စည်း၊ ဝန်ဆောင်မှု၊ ဦးဆောင်မှု နှင့် လက်ရာ အပေါ် အမြင်ပြောင်းလဲလာပါလိမ့်မယ်။
အမြင်ပြောင်းပြီဆိုရင်တော့ .…
ကိုယ်ထင်ရင် ကုတင်တောင် ရွေနန်း ဖြစ်တာပလေ။

မာသင်