ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း

marthin
boy, looking, fence

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း

သန်မာထွားကြိုင်းတဲ့ဆင်ကြီးတစ်ကောင်၊
ဆင်တင်းကုတ်ထဲမှာ။
သူ့ကိုလှောင်ပိတ်လဲမထားဘူး။
ဘယ်အရာနဲ့မှ လဲ ကာရံထားတာ မဟုတ်ဘူး။
ဒါပေမယ့်၊ သူ့ရဲ့စရိုက်သဘာ၀ ဖြစ်တဲ့လွတ်လပ်တဲ့ဆင်တစ်ကောင်၊ နေရာအနှံတောတောင်တွေမှာ သွားလာနေတဲ့ဆင်တစ်ကောင်အဖြစ် သူ့အိမ်မက်တွေကို စွန့်လွတ်ပြီး ကျဉ်းမြောင်းလှတဲ့ဆင်စခန်းရဲ့တင်းကုတ်လေးမှာ သစ်လုံးလေးဆွဲလိုက်၊ လာကြည့်တဲ့ပရိသတ်တွေကို ဖျော်ဖြေကပြလိုက်နဲ့တင်းကြပ်တဲ့ဘောင်စည်းအတွင်းမှာ နေအောင်၊ ထွက်မပြေးအောင်လို့သူ့ကိုဖမ်းစည်းချည်နှောင်ထားတဲ့အရာက ဘာလဲ လို့ကြည့်လိုက်တော့ …
သံကြိုးကြီးကြီးတစ်ချောင်းမဟုတ်သလို
သစ်လုံးလှောင်အိမ်လဲမဟုတ်ဘူး။
ဒါပေမယ့်….ဘယ်သူမှ ထင်မှတ်မထားတဲ့အရာ….
ခြေထောက်မှာ ချည်ထားတဲ့ကြိုးကလေးတစ်ချောင်း။
သူ့ရဲ့ထွားကြိုင်းတဲ့ကိုယ်ခန္ခာ၊ အားအင်တွေနဲ့ရုန်းလိုက်ရင် သိပ်အားမစိုက်လိုက်ရပါပဲ ပြတ်ထွက်သွားနိုင်တဲ့ကြိုးကလေးတစ်ချောင်း။ ။
သူရုန်းထွက်ဖို့မကြိုးစားဘူးလား၊ သူဒီကြိုးလေးကို ဖြတ်ပြီး သူရဲ့လွတ်လပ်တဲ့ဘဝ၊ တောတောင်လျှိုမြှောင်သဘာ၀ အလှတွေကြားမှာ သွားချင်ရာသွားစားချင်ရာစားဆိုတဲ့လွတ်လပ်သောဆင်တစ်ကောင်အဖြစ် အိမ်မက်တွေ ကိုအကောင်အထည်ဖော်ဖို့သူရုန်းမထွက်တော့ဘူးလား။
သူရုန်းခဲ့ဘူးပါတယ်။
သူရှုံးခဲ့ဘူးပါတယ်။
ငယ်ရွယ်ပြီးနုနယ်တဲ့ ဆင်ငယ်လေးတုန်းက သူအကြိမ်ကြိမ်ရုန်းခဲ့ဘူးပါတယ်။ ငယ်ရွယ်တုန်းမို့ရုန်းတိုင်း ရံှုးခဲ့ပါတယ်။ ရံှုးတိုင်းလဲ မဖြစ်နိုင်ဘူးလို့ကိုယ့်ကိုယ်ကို အကြိမ်ကြိမ် ပြောခဲ့ဘူးပါတယ်။ ရုန်းရင်း ရုန်းရင်း ၊ ရံှုးရင်းရံှုးရင်း …နောက်ဆုံး သူအိမ်မက်တွေကို ဒီကြိုးလေးဆီမှာ အပ်နှံလက်လျော့လိုက်တော့တယ်။
ဒီလိုနဲ့တစ်နှစ်ပြီးတစ်နှစ်၊ သူကြီးပြင်းလာပြီး သန်မာထွားကြိုင်းတဲ့ဆင်ကြီးတစ်ကောင်ဖြစ်လာပြီး ဒီကြိုးလေးကို အလွယ်တကူ ရုန်းဖြတ်နိုင်ပေမယ့် သူ့ကိုချည်နှောင်ထားတဲ့ကြိုးက ဒီကြိုးလေးဖြစ်နေတုန်းပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ အတိတ် ဆိုတာ အနာဂတ်နဲ့ထပ်တူကျတယ်၊ အတိတ်က ကျရံှုးမှုတွေ က အနာဂတ်မှာလဲကြိုးစားရင်ထပ်ကျရံှုးဦးမှာပဲ လို့သူထင်ထားလို့ပါ။ ။
🔰ဆင်ကလေးလိုပါပဲ၊ ကျွန်တော်တို့ကိုယ်စီမှာ ကိုယ့်အိမ်မက်တွေကို အကျဉ်းခတ်ပြီး လက်လျော့နေတတ်ကြပါတယ်။ ရုန်းခဲ့ပြီးပြီ၊ ငါရံှုးခဲ့လို့ဆက်မရုန်းတာကွ လို့ဆိုလဲ တစ်ချက်လောက် ဆက်ရုန်းကြည့်ပါ လို့တိုက်တွန်းပါရစေ။ အိမ်မက်တွေအတွက် မျှော်လင့်ချက်အပြည့်နဲ့တစ်ကြိမ်လောက်ထပ်ရုန်းကြည့်ပါ။
အတိတ် ဆိုတာ အနာဂတ်နဲ့ထပ်တူမကျသလို၊ ပစ္စုပန်နဲ့လဲ ထပ်တူမကျပါဘူး။
အတိတ်မှာ ကျရံှုးခဲ့ပေမယ့် လဲကျ ပြန်ထပြီး အကြိမ်ကြိမ်ကြိုးစားခဲ့ကြလို့ကျွန်တော်တို့တွေ ကလေးဘ၀ ကလမ်းလျောက်တတ်မြောက်ပြီး ယနေ့မှာ ပြေးလွားခုန်ပေါက်နိုင်တာပါ။
🔰ဘယ်နှစ်ကြိမ် လဲကျ ခဲ့လဲဆိုတာ အရေးမကြီးပါဘူး။ ဘယ်နှစ်ကြိမ်ပြန်ထနိုင်ခဲ့သလဲ ဆိုတာအရေးကြီးတာပါ။
လဲကျတုန်းက နာကျင်ခဲ့ရပေမယ့် ကိုယ်မားမားမတ်မတ် ရပ်တည်နိုင်တဲ့တစ်နေ့ကျရင်၊ အိမ်မက်တွေကို အကောင်အထည်ပေါ်လာတဲ့တစ်နေ့ကျရင်၊ အဲဒီ လဲကျလို့နာကျင်ခဲ့ရမှုတွေက အောင်မြင်အောင်တက်လှမ်းခဲ့တဲ့လှေကားထစ်များ ဖြစ်ကြောင်း သင်ဝမ်းသာစွာသိမြင်လာမှာပါ။
——————/————————-
ကျေးဇူးပြု၍ ….မိတ်ဆွေခင်ဗျား။
ပြန်ထပါ။ တစ်ကြိမ်လောက်ထပ်ကြိုးစားကြည့်စမ်းပါ။
နားလည်ပါတယ်.. ခင်ဗျား လဲကျရံှုးနိမ့်ခဲ့ဖူးတယ်ဆိုတာ။
အတိတ် ကို အတွေ့အကြုံများက ဦးဆောင်ပြီ
အနာဂတ်ကို ကြိုးစားမှုများက ဦးဆောင်ပါတယ်။
အတိတ်ရဲ့အတွေ့အကြုံကို အနာဂတ်မှာ ဦးဆောင်ခိုင်းရင် ခင်ဗျားပြန်ထနိုင်တော့မှာမဟုတ်ပါဘူး။
ဒီတော့ …မိတ်ဆွေ
ပြန်ထပါ။ တစ်ကြိမ်လောက်ပြန်ကြိုးစားကြည့်စမ်းပါ။
Live with Passion!

မာသင်