“မသွားမှီက ရောက်နှင့်သည်”

marthin
destination, goal, the purpose

“မသွားမှီက ရောက်နှင့်သည်”

ငယ်စဉ်တစ်ချိန်က ဖတ်မိသော ဆရာကြီးမင်းသိင်္ခ ရဲ့ စာသားလေး တစ်ကြောင်း ။
ဖတ်မိတုန်းက တော့ နားမလည်ခဲ့ပါ။
မသွားမှီ က ရောက်နှင့် သည် …..တဲ့။
စဉ်းစားမိသည်။
မသွားပဲ နဲ့ဘယ်လို လုပ်ရောက်မှာ တုန်း.. ပေါ့။
နောက်တော့ … အမှားများစွာ ..ဘဝရဲ့မှားယွင်းခြေလှမ်း များစွာ ကို လှမ်းပြီးသည့်နောက်မှာတော့ … ကြို တင်သွားကြည့်ခြင်း ရဲ့အရေးကြီး ပုံ ကို နားလည်လာသည်။ ကြိုတင်ရောက်နှင့်ခြင်း ရဲ့အဓိပ္ပါယ်ကို သိလာသည်။ ကြိုတင်ရောက်နှင့်ကြည့်မှ ကြိုတင်ပြင်ဆင်နိုင်မည်။
ကြို တင်ပြင်ဆင်ခြင်း သည် အမှန်တကယ် ဖြစ်လာမှ တုန့်ပြန်ခြင်းထက်ပို ထိရောက်သည်ကို သိလာရသည်။
မသွားမှီက ရောက်နှင့်ခြင်း သည် အဆုံး နှင့် စခြင်းဖြစ်သည်။
ကျွန်တော်တို့အားလုံး Rocking Chair Test (နောက်မှီကလားထိုင်စမ်းသပ်မှု) ကို လုပ်ကြည့်သင့်သည်။ Rock chair သည် နောက်မှီကလားထိုင်ဖြစ်သည်။ အောက်ခြေပိုင်း လှုပ်စိလှုပ်စိနှင့် သက်ကြီးရွယ်အိုများ တစ်ရေးတစ်မော ကျော်ခင်း သည့် ကလားထိုင်ဖြစ်သည်။
အသက်ကြီးလာတော့ .. ကလေးများ အိမ်မှ ထွက်သွားကြပြီ၊ မရှိကြတော့။ နောက်ဆုံး ဒီကလားထိုင်လေးအိမ်ရှေ့ချပြီး ငယ်ဘဝအကြောင်းကို တွေးသည်။ အတိတ်ကအဖြစ်အပျက်များကို တွေးသည်။ ငယ်ဘဝက ဝမ်းသာခဲ့မှု၊ ပျော်ရွင်ခဲ့ရမှုများကို ပြန်ခံစားသည်။
ငယ်ဘဝတုန်းက အနာဂတ်အကြောင်းတွေး၊ အနာဂတ်ဘဝအောင်မြင်မှုအတွက်ပဲလုပ်ခဲ့သည်။
အသက်ကြီးတော့ ..အနာဂတ်သည် သိပ်မကျန်တော့ ။
အတိတ်ကိုပဲပြန်တွေးဖြစ်သည်။
အတိတ်ကိုပဲ ပြန်ဆွေးဖြစ်သည်။
ငယ်ဘဝတုန်းက ကိုယ့်ကိုယ်ကို မေးသောမေးခွန်းများသည် အနာဂတ်တွင် ဘာလုပ်မလဲ၊ အနာဂတ်တွင် ဘာဖြစ်ရမလဲ စသည်ဖြင့် အနာဂတ် ပါသောမေးခွန်းများဖြစ်သည်။
အသက်ကြီးတော့…အနာဂတ်သည် သိပ်မကျန်တော့ပဲ အတိတ်တွေသာအများကြီးကျန်သည်။ ဘဝသည် အမြဲတန်း အများကြီးကျန်သောအရာကိုသာ တောင်းဆိုနေသည်။
မေးခွန်းပြောင်းသွားသည်။
အတိတ်ငယ်ငယ်တုန်းက သန်တုန်းမြန်တုန်း ငါဘာတွေလုပ်နေခဲ့လဲ၊ ငါဘာတွေ ဖြစ်ခဲ့သလဲ၊ ငါ ဘာတွေ ကြိုးစားခဲ့သင့်ပြီး ငါ ဘာတွေ မလုပ်ခဲ့မိသလဲ စသည် ဖြင့်.. အတိတ်က နောင်တရစရာများ တွေးသည်။
.. ဒါပေမယ့် နောက်ကျသွားပြီ။
သေချာတာတစ်ခုက ကိုယ်လုပ်မိခဲ့၊ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့သောအရာများအတွက် နောင်တဆိုတာမရှိ၊
ကိုယ်လုပ်နိုင်ခဲ့ရဲ့သားနှင့် မလုပ်ခဲ့မိသောအရာများအတွက်သာနောင်တဆိုတာရှိသည်။
ထိုနောင်တများရှောင်းရှားနိုင်ရန် …
မသွားမှီက …. ရောက်နှင့်ရမည်။
စမ်းသပ်မှု


တိတ်ဆိတ်ငြိမ်သက်သောနေရာမှာ ကိုယ့်ကိုယ်ကို အသက် ၈၀ အိုမင်းမစွမ်းတော့သော လူအိုချိ့နဲ့တစ်ယောက်အဖြစ် ရောက်ကြည့်မြင်ကြည့်ပြီး rocking chair ကလားထိုင်လေးပေါ်မှာ ထိုင်လိုက်ပါ။
သီချင်းအေးအေးလေးတစ်ပုဒ်ကို တိုးတိုးလေးဖွင့်ထားပြီး မျက်လုံးများကို စုံမှိတ်ပြီး နှလုံးသားကပြောလာသောစကားများကို နားထောင်ပါ။
ကိုယ်သည် အသက် ၈၀ ရှိပြီ၊
ဘယ်လိုအရာတွေကို ပြုလုပ်ခဲ့သင့်သလဲ ?
ဘယ်လိုအရာတွေကို မပြုလုပ်ခဲ့မိလို့နောင်တရနေသလဲ?
ငါသာ ငယ်ဘဝကို ပြန်ရလျင်……. ဘာတွေကို မဖြစ်မနေ ပြန်လုပ်မလဲ ?
မိသားစုနှင့်အချိန်များ
မိတ်ဆွေများ၊ ငယ်သူငယ်ချင်းများနှင့်အချိန်
ကျန်းမာရေး
အများအကျိုးအတွက် လုပ်ဆောင်ချက်များ
ငွေကြေး ၊စီးပွားရေး
ဘာသာရေး ဆောင်ရွက်ချက်များ
စသည်…စသည် ဖြင့် ။
မေးခွန်းပေါင်းများစွာကို တစ်ခုချင်းစီမေးကြည့်ပါ။
ရင်ဘတ်ထဲက အဖြေကို နားထောင်ပါ။ ပြီးရင် ဒိုင်ယာရီမှာ ချရေးပါ။
နောက်ဆုံးမှာ ….မျက်လုံးတွေကို ဖွင့်ပြီး အသက် ၈၀ ဘ၀ ထဲက ထွက်လိုက်ပါ။
လက်ရှိဘဝကို ပြန်ကြည့်လိုက်ပါ။
သင်သည်..လက်ရှိမှာ အသက်ငယ်သေးသည်။
သင်သည်…လက်ရှိမှာ ခွန်အားများစွာရှိသေးသည်။
သင်သည်..လက်ရှိမျာ အနာဂတ်များစွာကျန်သေးသည်။
သင့်ရဲ့လက်ရှိ ကျရံှူးမှုသည် ဘာမှ မဟုတ်။
သင် ကျန်ရှိနေသေးသည့် အရာများနှင့် နှိုင်းယှဉ်လျင် နှမ်းစိလောက်သာရှိသည်။
အများကြီးလေ့လာနိုင်သေးသည်။
အများကြီး ကြိုးစားနိုင်သေးသည်။
အများကြီး အမှားခံနိုင်သေးသည်။
အများကြီး သွားနိုင်လာနိုင်သေးသည်။
အများကြီး လုပ်နိုင်ကိုင်နိုင်ဖြစ်သေးသည်။
ကိုယ့်ဘေးမှာ…
မိသားစု ရှိသေးသည်။
အဖေ၊အမေ မိဘများရှိသေးသည်။
မိတ်ဆွေ၊သူငယ်ချင်းများရှိသေးသည်။
အနည်းဆုံး … ကျန်းမာသည်။
ဒါကြောင့်….
စိတ်ဓာတ်ကျစရာမလို၊ လမ်းပျောက်စရာမရှိ။
ဝမ်းသာစရာအတိပင်ဖြစ်သည်။
လောကကြီးသည် အကောင်းမြင်သူများကိုသာ အကျိုးပေးသည်။
အဆုံး နှင့် စတင်ပါ။


အဆုံးနှင့် စတင်ခြင်းသည်…
ဘ၀ ဗျူဟာ ဖြစ်သလို၊
ခံစားမှုပါသော အနုပညာလဲဖြစ်သည်။
မဖြစ်သေးသောအရာကို အရင်တွေးကြည့်ခြင်းဖြစ်သလို၊
မလုပ်မိလျင် နောင်တရနိုင်သလား လို့မေးခွန်းထုတ်ခြင်းလဲဖြစ်သည်။
ကြိုတင်ပြင်ဆင်ခြင်း လို့လဲပြောနိုင်သလို၊
ရှေ့လူများ၏ဘဝသင်ခန်းစာအမှားများကို လေ့လာခြင်းလို့လဲဆိုနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ…..
မသွားမှီက ….ရောက်နှင့်ခြင်းပင်ဖြစ်တော့သည်။ ။

မာသင်