ဘွန်ဇိုင်းပင်နှင့် တူသော ကျွန်တော် ( ပြောင်းလဲမှု ရဲ့အစ)

marthin
plant, bonsai, tree

ဘွန်ဇိုင်းပင်နှင့် တူသော ကျွန်တော်
( ပြောင်းလဲမှု ရဲ့အစ)


ဘွန်ဇိုင်းဆိုတာ ဂျပန်ဝေါဟာရဖြစ်ပြီး ဘွန်(Bon) ဆိုတာ ဇောက်တိမ်သောအိုးပြားလေး ဖြစ်ပြီး ဇိုင်း(Sai) ဆိုတာကတော့ ရှင်သန်နေသောအပင်ကလေးလို့အဓိပ္ပါယ်ရသည်။ ပုံမှန်အားဖြင့် ကြီးမားစွာပေါက်ရောက်သော အပင် ကို ပန်းအိုးလေးထဲတွင် စိုက်ပျိုးနိုင်အောင်ပြုလုပ်ပြီး သက်ကြီးပင်ပုလေးအဖြစ် ဖန်တီးပုံသွင်းထားခြင်းဖြစ်သည်။ ထိုအပင်ကြီး ကို သက်ကြီးပင်ပုလေးအဖြစ် ကန့်သန့်ထားသော အဓိကကျသောအရာမှာ အပင်ထဲ့ထားသော ပန်အိုးလေး ဖြစ်သည်ဟုဆောင်းပါးတစ်ပုဒ်တွင် ဖတ်လိုက်ရသည်။
ကြီးမားစွာပေါက်ရောက်သော စိန်ပန်း၊ညောင်ပင်ကြီးများက သေးငယ်သော အပင်များ ဖြစ်သွားကြသည်။
ကြီးမားသော အမြစ်၊လက်တက်များက သေးငယ်သော ပန်းအိုးပြားလေးထဲတွင် အမျှင်သဖွယ်ဖြစ်သွားကြသည်။
ထို့အတူ…
သေးငယ်သော ရွေငါးဖန်အိုးလေးအတွင်းမှ ရွေငါး က ဖန်အိုးအရွယ်အစားအလိုက် ကြီးထွားသည်။ ရွေငါး ကြီးသင့်သလောက်မကြီးပဲ သေးငယ်နေတာ၊ သေးငယ်တဲ့ဖန်အိုးရဲ့ကန့်သန့်မှုကြောင့်လား လို့ကြံကြံဖန်ဖန်တွေးမိသည်။
မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ….
သေချာတာကတော့ .… ကျွန်တော်တို့သည်လဲ ဘွန်ဇိုင်းပင် ကဲ့သို့၊ ရွေငါးလေး ကဲ့သို့ပင် ဖြစ်သည်။ အိုးလေးထဲတွင် ပျော်နေလျင် သေးမြဲသေးနေမည်။ ကြီးထွားဖို့ဆိုလျင် အိုးလေးထဲ မှ ဖောက်ထွက်မှ ရမည်။ ဖန်အိုးပြင်ပသို့ခွန်အားအပြည့်နှင့် ခုန်ထွက်ရမည်။ ပြင်ပတွင် အန္တာရယ်များ၊ မုန်တိုင်းများ၊ ပြိုင်ဆိုင်မှုများ ကြီးမားစွာရှိသော်လည်း ထိုအရာများနှင့်ကခုန်ရုန်းကန်ပြီး မိမိကိုယ်ကိုယ် အစွမ်းကုန် တိုးတက် ကြီးထွားစေရမည်။
ထို့ကြောင့် ..ဦးစွာ…
ကျွန်တော်တို့၏ တိုးတက်မှု ကို ကန့်သတ်ထားသော ဖန်အိုးနှင့်တူသောအရာတွေက ဘာတွေလဲ ဆိုတာ စဉ်းစားဖို့လိုသည်။
ကျွန်တော်တို့ရဲ့အတွေးအိမ်မက်တွေ ကို ကန့်သတ်ထားသော ပန်းအိုးနှင့်တူသောအရာတွေ ကဘာတွေလဲဆိုတာ စဉ်းစားဖို့လိုသည်။
ချစ်သောမိတ်ဆွေ ..
ကျွန်တော်တို့အားလုံးဟာ ပင်ကိုယ်အားဖြင့် အရှိန်အဟုန် နဲ့ကြီးထွားရှင်သန် ရမယ့် အပင် ပါ။
အစွမ်းကုန် ရှင်သန်၊တိုးတက်၊ကြီးထွားမှု က ကျွန်တော်တို့ရဲ့ဗီဇ ထဲမှာ ပါပြီးသားပါ။
ပန်းအိုးပြားလေးထဲကနေ ရုန်းထွက်ကြစို့ရဲ့။

မာသင်