နေ့စဉ် ဒိုင်ယာရီ ရေးပါ။

marthin
computer, laptop, notebook

နေ့စဉ် ဒိုင်ယာရီ ရေးပါ။


နေ့စဉ် ဒိုင်ယာရီ ရေးလာတာ 12 နှစ်ရှိခဲ့ပြီ။ အားလုံးက ဘဝအကြောင်း၊ နေ့စဉ် ဖြတ်သန်းမှုတွေအကြောင်းကို ကိုယ်ရေးမှတ်တမ်းတစ်ခုလို ရေးလာခဲ့တာ။
ဆရာကြီး ရွှေဥဒေါင်း ရဲ့”ဘဝတစ်သက်တာမှတ်တမ်း နှင့် အတွေးအခေါ်များ” စာအုပ်ကို ကြိုက်ပြီး အားကျတာလဲ ပါတယ်။
ဒါပေမယ့် ..တစ်ခါမှ အလုပ်အတွက် သီးသန့် ဒိုင်ယာရီရေးရမယ်လို့မတွေးခဲ့မိဘူး။ ဒီနေ့တော့ စာအုပ်တစ်အုပ်ဖတ်လိုက်ရတယ်… အလုပ်အတွက် အလုပ်ဒိုင်ယာရီတစ်အုပ်ထားရမယ်..ဆိုပဲ။
အဲဒီ အလုပ်ဒိုင်ယာရီထဲမှာ …
အလုပ်နဲ့ ပတ်သတ်တဲ့ ရလာတဲ့အတွေးတွေ ကို ချရေးရမယ်။
တစ်ပိုင်းတစ်စ ပြီးမြောက်မှုတွေ ချရေးရမယ်။
ပန်းတိုင်တွေ
ဖြစ်ချင်တဲ့ အကြောင်းအရာတွေ
မျှော်လင့်ချက်တွေ
အခက်အခဲတွေ
ဖြတ်ကျော်မှုတွေ
နည်းလမ်းတွေ
အယူအဆတွေ
အိုင်ဒီယာတွေ
တိုးတက်မှုတွေ
ပြီးမြောက်အောင်မြင်မှုတွေ
နေ့စဉ် တိုးတက်မှု သေးသေးမွှားမွှားလေးတွေ
စတဲ့အရာတွေ အားလုံးကို ချရေးမှတ်တမ်းတင်ထားရမတဲ့။ ။
အစမှာတော့…ချရေးထားတဲ့ စာတိုပေစ၊ နည်းလမ်းတို၊နည်းလမ်းစ တွေက တန်ဖိုးမရှိဘူးထင်ရပေမယ့်…
တစ်နေ့မှာ …
အဲဒီ အကြွင်းအကျန် အပိုင်းအစတွေ၊ မပြည့်စုံတဲ့ အစိတ်အပိုင်း အပျက်အစီး ရုပ်ကြွင်းတွေအားလုံး ကို ပေါင်းစပ်လိုက်ရင် …
တန်ဖိုးကြီးတဲ့ ပြတိုက် ကြီးတစ်ခု ဖြစ်လာလိမ့်မယ်။
အမှန်တော့ ..
တန်ဖိုးကြီးလွန်းလှတဲ့ အမွေအနှစ်ပြတိုက်တစ်ခု ဆိုတာ….
ဟိုးအရင်တုန်းက…
တန်ဖိုးမရှိလှဘူးထင်ရတဲ့ အတိုအစ၊ အကွဲအခြမ်းပဲ့၊
အပျက်အစီး အချို့၊ ရုပ်ကြွင်းကျန်တွေ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတာပဲ မဟုတ်ပါလား။ ။
တန်ဖိုးကြီးတဲ့ လှတဲ့ ကိုယ့်ဘ၀ ကိုယ့်ပြတိုက် ကို သားစဉ်မြေးဆက် ထားခဲ့ဖို့အခုကတည်းက … မလှပတဲ့ ဘဝအပိုင်းအစတွေကို လွင့်မပစ်ပဲ
ထိန်းသိမ်းမှတ်တမ်းတင် ထားဖို့ဆိုတာ .. ကိုယ့်အလုပ်၊ ကိုယ့်တာဝန်ပဲဖြစ်တယ်ဆိုတဲ့ခံယူချက်ကို ဒီနေ့ပဲ အစပြု လုပ်ဆောင်ပါ။ ။
ကိုယ့်ဘဝ၊ ကိုယ့်ပြတိုက် တည်ဆောက်နိုင်မှ …
လူသေပေမယ့် .. သမိုင်းအမွေမသေပဲ
မိသားစု ထဲမှာ …အမြဲ ရှင်သန်နေလိမ့်မယ်။ ။