စွန့်ဦးတီထွင်လုပ်ငန်းရှင်

marthin
entrepreneur, startup, start-up

စွန့်ဦးတီထွင်လုပ်ငန်းရှင်

စွန့် = စွန့်စား တာ ၊ စွန့်လွတ်ခိုင်းတာမဟုတ်ဘူး။
ဦး = ဦးဆောင်တာ၊ ဦးစီးခိုင်းတာမဟုတ်ဘူး။
တီထွင် = အသစ်တီထွင်ကြံဆခိုင်းတာ၊အစအဆုံး ဖန်တီးခိုင်းတာမဟုတ်ဘူး။
အင်္ဂလိပ်စကားလုံး သုံးလုံး ကို ပေါင်းထားတာ။
Risk , Leadership, Innovation

အဲဒီ ၃ လုံးပေါင်းပြီး Entrepreneur ( စွန့်ဦးတီထွင်) ဆိုတာဖြစ်လာတာ။

စွန့်စားတဲ့နေရာမှာတောင်…
Lower risk လို့ခေါ်တဲ့အနိမ့်ဆုံး စွန့်စားမှု ( ဥပမာ .. ဘဏ်အပ်ငွေ) လိုမျိုးစွန့်စားတာကိုမဆိုလိုသလို၊
Higher risk လို့ခေါ်တဲ့အမြင့်ဆုံးစွန့်စားမှု၊ ( ဥပမာ..ထီထိုးတာ၊ လောင်းကစား) လုပ်တဲ့စွန့်စားမှု မျိုးကို ဆိုလိုတာမဟုတ်ဘူး။

Moderate risk လို့ခေါ်တဲ့စဉ်းစားတွေးခေါ်တွက်ချက် တဲ့စွန့်စားမှုမျိုးကို လက်ကိုင်ထားပြီး လုပ်တဲ့သူ ကို Entrepreneur ( စွန့်ဦးတီထွင်) လို့ခေါ်တာ။ စွန့်စားမှုတွေ စွတ်ယူတိုင်း စွန့်ဦးတီထွင်မဟုတ်ဘူး။

ဦးဆောင်တဲ့နေရာမှာတောင် …..
ခေါင်းဆောင်နေရာယူထားပြီး အရေးအကြောင်း ပုန်းအောင်းတတ်တဲ့ခေါင်းဆောင်မဟုတ်သလို၊
မန်နေဂျာ၊ပိုင်ရှင်ဆိုပြီး ငါခိုင်းသလိုလုပ်၊ငါလုပ်သလို မလုပ်နဲ့လို့ဆိုတဲ “့ခေါင်းရောက်နေလို့သာခေါင်းဆောင်ဖြစ်တယ်၊ ဦးနှောက်ကမပါ” လို့ဆိုတဲ့ခေါင်းဆောင်မျိုးလဲမဟုတ်ဘူး။
Empowering Servant Leader လို့ခေါ်တဲ့အစေခံခေါင်းဆောင်မှု အရည်အချင်း။ Leader ဆိုတာ မူရင်း လက်တင်ဘာသာစကားရဲ့အဓိပ္ပယ်ကို က အစေခံ ( Servant )ပါ။ ကိုယ့်ရဲ့ရဲဘော်တွေအတွက် အစေခံ ခြင်းက ခေါင်းဆောင်တစ်ယောက်ရဲ့အရည်အချင်း။ ကိုယ့် ရဲ့ရောင်းရင်းတွေအတွက် အနစ်နာခံပေးတာကမှ ခေါင်းဆောင်တစ်ယောက်ရဲ့အရည်အချင်း။ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက် တွေ ရှေ့မားမားရပ်ပြီး ကာကွယ်ပေးတာ ကမှ ခေါင်းဆောင်တစ်ယောက်ရဲ့အရည်အချင်း။ ခေါင်းဆောင်ဆိုတာ ရာထူး မဟုတ်ဘူး။ အခွင့်အရေးမဟုတ်ဘူး။

ယုံကြည်မှု၊ လေးစားမှု တစ်ခု။

တီထွင်တဲ့နေရာမှာ တောင် …..
လောကကြီးမှာမရှိသေးတဲ့လုံးဝအသစ်ကြီးတစ်ခု ကိုဖန်တီးခိုင်းတာမဟုတ်ဘူး။ ဖန်တီး တာ ဘုရားသခင် အလုပ်။
ကိုယ့်အလုပ်က တီထွင်ကြံဆခြင်း။ အဟောင်းနှစ်ခု ကို ကြံဆပြီး ပေါင်းစပ်တီထွင်လိုက်ရင် အသစ်ပဲ။
ပညာ ဆိုတာကိုက ဘိုးဘေးတွေ လေ့လာခဲ့တာကို ပြန်လည်မွန်းမံဆန်းသစ်၊တီထွင်ခြင်းပဲ။
အဟောင်းကြီးတွေ မသုံးချင်ပါဘူး၊ ကိုယ့်လမ်းကိုယ်ဖောက်မယ် ဆိုရင်..။
ကိုယ့်လမ်းကိုယ်ဖောက်ပြီး ကျောင်းတက်လို့ကတော့ ခုချိန်ထိ ကျောင်းရောက်မှာမဟုတ်ဘူး။ သူများဖောက်ပြီးသားလမ်းကို သုံးပြီး ကျောင်းတက်ခဲ့လို့ပညာတက်လာတာ။ မကွန့်နဲ့။
Facebook လဲ မကွန့်ခဲ့ဘူး။
Google လဲမကွန့်ခဲ့ဘူး။
Apple လဲမကွန့်ခဲ့ဘူး။
Microsoft လဲမကွန့်ခဲ့ဘူး။

ကွန့်ချင်ရင်တော့ သဘောပဲ။ ကျောင်းတော့ရောက်မှာမဟုတ်ဘူး၊ လမ်းမှာပဲ အချိန်ကုန်မှာ။

ကဲ စွန့်ဦးတီထွင် လို့နာမည်တပ်မယ့် ညီငယ်၊ ညီမငယ်များ ……..
စွန့်စားပါ။ မစွန့်လွတ်ပါနဲ့။
ဦးဆောင်ပါ။ မဦးစီးပါနဲ့။
တီထွင်ပါ။ မဖန်တီးပါနဲ့။
သွားတာချင်းတူပေမယ့်၊ လမ်းမှန်မှ ပန်းတိုင်ရောက်မယ်

မာသင်