ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ

marthin
sea, scotland, rest

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ

ငယ်ငယ်တုန်းက ကျောင်း မြန်မာစာဖတ်စာအုပ်ထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ပညာပေးပုံပြင်လေးတစ်ပုဒ်ကို အထပ်ထပ်အခါခါ ဖတ်ခဲ့ဖူးတယ်။
အဲဒီပုံပြင်လေးက ဒီလိုပါ။
ဟိုးရှေးရှေးတုန်းက ဘုရင်ကြီးက ရုပ်ဖျက်ပြီး မထင်မရှားလူတစ်ယောက်အဖြစ်နဲ့သူ့တိုင်းပြည်တွင်း လည့်လည် လျောက်သွားသတဲ့။
တစ်နေ့၊ သူ့တိုင်းပြည်ရဲ့အဓိက လှည်းလမ်းမကြီး တစ်ခု ကိုရောက်တဲ့အခါ လမ်းလယ်မှာ ကျောက်တုံးကြိး တစ်တုံး တွေ့ တော့ အကြံတစ်ခုရပြီး လမ်းဘေးမနီးမဝေး က ချုံပုတ်လေးတစ်ခု မှာ ပုန်းအောင်းပြီး လမ်းပေါ်မှာ ဖြတ်သန်းသွားလာနေတဲ့ခရီး သည်တွေကို စောင့်ကြည့်နေသတဲ့။
အဲဒီလို စောင့်ကြည့်နေစဉ်အတောအတွင်းမှာပဲ တိုင်းပြည်ရဲ့သူကြွယ် အရာရှိများက လှပတဲ့လည်းယဉ် ၊ ဝေါယဉ် တွေ နဲ့နောက်လိုက်နောက်ပါ တွေ လမ်းလယ် က ကျောက်တုံးနား ရောက်လာတဲ့အခါ ကျောက်တုံးကို မဖယ်မရွေ့ပဲ ကွေ့ပတ် ရှောင်ကွင်းပြီးတော့သာ သွားကြသတဲ့။ အချို့များဆိုဘုရင်ကြီးနာမည်ကို ရေရွတ်ပြီး ဆဲဆို အပြစ်တင်သွားကြသေးတယ်။
ဘုရင်ကြီးလဲ တိတ်ဆိတ်ပဲ ချုံပုတ်ထဲကနေသာ စောင့်ကြည့်နေတယ်။ လူတော်တော်များများ ဖြတ်သန်းသွားလာနေကြရာမှာ လမ်းလယ်က ကျောက်တုံးကြီး ကို ကွေ့ ပတ်ရှောင်တိမ်း ပြီးတော့သာ သွားကြပြီး ဘယ်သူတစ်ဦးတစ်ယောက်မှ မ ရွေ့ဖို့တောင်မကြိုးစားကြတာကို ဘုရင်ကြီး ကမြင်နေ ကြားနေရပါတယ်။
ညနေစောင်းတော့ လယ်တောက ပြန်လာတဲ့လယ်သမားဆင်းရဲသားတစ်ဦး က လမ်းလယ်ကကျောက်တုံးကြီးကို တွေ့တော့ သယ်လာတဲ့လယ်ထဲကစ္စည်းတွေ ကိုဘေးချပြီး ကျောက်တုံးကြီးကို တွန်းပြီး ရွေ့ဖို့ကြိုးစားပါတယ်။ သူ့အနေ နဲ့တစ်နေကုန် လယ်လုပ်ထားတော့ ပင်ပန်းနေတဲ့အတွက် ကျောက်တုံးကြီး ကိုတော်တော် အားစိုက်ပြီး အကြိမ်ကြိမ် တွန်းရွေ့မှသာ ကျောက်တုန်းကြီးက နောက်ဆုံးတော့ လမ်းဘေးကို ရောက်သွားပါတယ်။ လယ်သမားက ချထားတဲ့ပစ္စည်းတွေ ယူပြီး အိမ်ပြန်ဖို့အလုပ်မှာ လမ်းလယ်ကျောက်တုံးကြီးရှိခဲ့တဲ့နေရာမှာ အိတ်ကလေးတစ်အိတ်တွေ့ တော့ ဖွင့်ကြည့်ရာမှာ ရွေတုံး အချို့နဲ့ဘုရင်ကြီး ကိုယ်တိုင်ရေးထားတဲ့ကျေးဇူးတင်လွာကို တွေ့လိုက်တော့တယ်။ နောက်ဆုံးမှာ အဲဒီဆင်းရဲ့တဲ့လယ်သမား ဟာ အများအကျိုးဆောင်ကူညီတဲ့အတွက် ကိုယ့်အကျိုးအောင်ပြီး ချမ်းသာကြွယ်ဝတဲ့လူတစ်ယောက်ဖြစ်သွားသတဲ့။ ။
ပုံပြင်လေးကတော့ ဒါပါပဲ။
ကျောင်းဖတ်စာအုပ်က ပေးတဲ့သင်ခန်းစာ က တော့ “အများအကျိုးဆောင်၊ ကိုယ့်အကျိုးအောင်” ပေါ့။
ဒါပေမယ့် ဒီပုံပြင်လေးက ဘဝအတွက်ပေးတဲ့သင်ခန်းစာ ထပ်တစ်ခု ရှိသေးတယ်။
ဘ၀ အတွက်ပေးတဲ့သင်ခန်းစာ ကတော့ …
ကျွန်တော်တို့အားလုံးက ဘ၀ ခရီးသည်တွေပါပဲ။ ပုံပြင်ထဲက လည်းလမ်းကြောင်းကြီးလို ပဲ ဘဝလမ်းကြောင်းပေါ်မှာသွားနေကြရတယ်။ တစ်ကြိမ် အခက်အခဲအတားအဆီး ဆိုတဲ့ကျောက်တုံးကြီး ကို ဘဝလမ်းကြောင်းလယ်မှာ တွေ့ချိန်မှာ ဖယ်ရှားဖို့မစဉ်းစားပဲ ကွေ့ဝှိက်ရှောင်ကွင်း ပြီးတော့သာ သွားကြတယ်။ အမှန်တော့ အဲဒီအခက်အခဲအတားအဆီး ဆိုတဲ့ကျောက်တုံးကြီးအောက်မှာ ဆုလဒ် ဆိုတဲ့အရာ ရှိပါတယ်။ ညဉ့်နက်သန်းခေါင်ကျော်လွန်ပြီးရင် မိုးသောက်အလင်းရောက် ဆိုသလိုပဲ အခဲအခက်အတားအဆီး ကိုကျော်လွန်ဖြတ်သန်းပြီးနောက်မှာ ဆုလဒ် ဆိုတဲ့အရာ အမြဲရှိပါတယ်။
အခက်အခဲအတားအဆီးဆိုတာ လူတိုင်းရဲ့လမ်းကြောင်းမှာ ရှိပါတယ်။
သူ့ကိုရင်ဆိုင်ဖြေရှင်းဖို့တော့လိုပါမယ်။
သူ့ကို လိုအပ်ရင် ဖယ်ရှားပြီး လမ်းဘေးတွန်းရွေ့ရပါမယ်။
လိုအပ်ရင် လက်ထဲက အခြားအရာတွေကို ခဏချထားပြီး အားအင်အပြည့် အားသွန်ခွန်စိုက်တွန်းဖယ်ရှားရပါမယ်။
လွယ်တော့မလွယ်ပါဘူး။ သင့်ရဲ့ ပင်ပန်းနွမ်းနယ်မှုက သင့်ကို လွယ်လွယ်ကူကူ အရှုံးပေးစေချင်နေပါတယ်။
အားစိုက်ဖယ်ရှားလိုက်ပါ။
ဒါမှမဟုတ်……
ရှောင်ကွင်းသွားလိုက်ပါ။
ဘယ်လမ်းကို ရွေးမလဲ ။ ရွေးချယ်မှု က သင့်လက်ထဲမှာပါ။
အကောင်းဆုံးရွေးချယ်နိုင်ကြပါစေ။

မာသင်